ရေခြားမြေခြား အလွဲများ …..
ဆရာကေ
နိမ်းဟဲ ဆိုတဲ့ ကုလားစကားက no နဲ့တူပါတယ်.. ငြင်းဆန်တဲ့စကားပါ.. ဆိုပါစို့ ဦးကေလာသဆိုတဲ့ ကျောင်း သားသစ်ကိုယ်တော်လေးဟာ ရောက်ခါစက တက္ကသိုလ်မှာ ကျောင်းသားကဒ်သွားထုတ်ပါတယ်.. ကုလားကို သူက Please give me my indentity card လို့ပြောတော့ ကုလားက မသိတာလား မရှိတာလားတော့ မသိဘူး .. နိမ်းဟဲ လုပ်ပါလေရော..ဒါကို ကိုယ်တော်က သူ့ကို နာမည်မေးတယ်ထင်ကာ ရင်ဘတ်လေးလက်နဲ့ ပုတ်ပုတ် ပြီး My name is Kelasa လုပ်ကရောတဲ့. ကုလားက နိမ်းဟဲ လုပ်လိုက် .. ကိုယ်တော်က My name is Kelasa လုပ်လိုက်နဲ့ နှစ်ယောက်သား ရုံးခန်းထဲမှာ တော်တော် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ဆိုပဲ… ကျောင်းပြန် ရောက်တော့ နာမည်ကျတော့မေးပြီး ကဒ်ကျတော့ ထုတ်မပေးဘူး လို့ရင်ဖွင့်တော့ အကျိုးအကြောင်းမေးကြည့် ပြီး ၀ိုင်း ဟား လိုက်ကြကာ အားလုံက သူ့ကို နာမည်ပေးလိုက်ပါတော့တယ် .. ဆရာကေ လို့….
တော်တော်ခါးတဲ့ အချိုရည်
နိုင်ငံခြားအဲယားလိုင်းတွေဟာ ဘုန်းကြီးသော သီလရှင်သောမရှောင် ဘီယာဗူးတွေပေးတတ်ပါတယ်.. ဘီယာ ဗူးကို အချိုရည်ဗူးမှတ်ပြီး ယူခဲ့တဲ့ကိုယ်တော်လည်း ရှိခဲ့ဖူးပါရဲ့.. ကျောင်းရောက်လို့နေရာထိုင်ခင်းချအပြီးမှာ ခေါင်းရင်းမှာ ဘုရားစင်လေးတွေ့တော့ ကိုယ်တော်က လေယာဉ်မယ်လှူလိုက်တဲ့ဗူးကို ထုတ်ပြီး ဘုရားကိုကပ်ပါလေရော….ဘေးကကိုယ်တော်တွေက ဗူးကိုသေချာကြည့်မှ ဘီယာဗူးမှန်းသိကြသတဲ့.. ဒီတော့ ကိုယ်တော်တစ်ပါးကပြောတယ် တော်သေးတာပေါ့ ဒီကိုယ်တော် လေယာဉ်ပေါ်ဖောက်မသောက်ခဲ့လို့ သောက်မိရင် တော်တော်ခါးတဲ့ အချိုရည် လို့ပြောနေဦးမှာ တဲ့..
ဘယ်မောင်း
ကိုယ်တော်လေးတစ်ပါးကျတော့ လေယာဉ်ပေါ်ကဆင်းပြီး ကျောင်းရောက်လို့မှ မကြာသေးဘူး .. ကိုယ်တော် တွေစက်ဘီးစီးနေကြတာမြင်တော့ သူလည်း စီးမယ်လုပ်ပါလေရော.. စီးတတ်ရဲ့လားဆိုတော့ အမယ် သူက မန္တလေးသားပါ တဲ့ .. ကဲ စီးဟ ဆိုပြီးလွှတ်လိုက်တာ ဘယ်လောက်မှမဝေးသေးဘူး ကုလားနဲ့မျက်နှာချင်းဆိုင် တိုက်ပါလေရော.. ကုလားက လမ်းမှန်ဆိုတော့ ရန်တွေ့လိုက်တာ ဆူညံသွားတာပဲ.. ကိုယ်တော်တွေ ပြေးပြီး မနည်းဖြေရှင်းယူရတယ်.. ကုလားကလည်းစိတ်တို မန္တလေးသားကလည်းဆွဲထိုးပါမယ်တကဲကဲလုပ်နေလို့ အတင်းဆွဲခေါ်လာရတယ်.. မလုပ်နဲ့ကိုယ်တော် သူက မှန်တယ် ကိုယ်တော်ကမှားနေတာ လို့နားချတော့ ဟ ငါက ငါ့ညာဖက် ငါ ကပ်စီးနေတာပဲ ကုလားက သာ ပြောင်းပြန်ကြီးဝင်လာတာ လုပ်နေလို့ ကိုယ်တော်ရေ ဒီမှာ က ဘယ်မောင်း ဘယ်မောင်း လို့ပြောလိုက်ကြရသတဲ့….
What is his name ?
ကိုယ်တော်လေးတစ်ပါးကျတော့ သူကအမှန်ပါ.. မဂဓတက္ကသိုလ်ထဲမှာ သူကလမ်းမှန်အတိုင်းစီးလာတာ ကုလားက ၀င်တိုက်ပါလေရော.. ထုံးစံအတိုင်း ကုလားအုပ်ကြီးဖြစ်လာပြီး သူတို့ကုလားသူတို့ခေါ်သွားကြပါလေ ရော..ဘာရမလဲ ရဲစခန်းကလည်းနီးတော့ ကိုယ်တော်လေးက စက်ဘီးထမ်းပြီး သွားတိုင်တော့တာပဲ.. တိုင်ချက် နားထောင်ပြီး စခန်းမှုးကမေးတယ် .What is his name ? တဲ့ .. ကိုယ်တော်လေးကပြန်ဖြေတယ်.. မသိဘူးပေါ့ ဒါပေမယ့် ခုလေးတင်ဒီစခန်းနောက်နားကကုလားတန်းလျားတွေထဲဝင်သွားတယ်.. ခင်ဗျား ခု သွားကြည့်ရင် တွေ့လိမ့်မယ်.. ဒူးနှစ်ဘက်လုံးလည်း ဒဏ်ရာရထားတယ်.. မြင်ရင်မှတ်မိတယ် သွားကြစို့ ကျုပ်လိုက်ခဲ့ မယ်ဆိုတော့ ရဲက ဘန္တေကြီး သူ့နာမည်မသိရင် အမှုဖွင့်လို့မရဘူး သူ့နာမည်သိမှ ပြန်လာခဲ့ပါတဲ့ဗျား…. ဗုဒ္ဓဂါယာမှာ အနာဂါရိက ဓမ္မပါလရဲ့တပည့်တွေကို မဟန့်လူတွေ ၀ိုင်းရိုက်ကြတုန်းက အ တွင်းလူနာဖြစ်နေတဲ့ကိုယ်တော်လေးအတွက် ရဲစခန်းသွားတိုင်တုန်းကလို ကိုယ်တိုင်တိုင်မှ ရမယ် ဘေးလူတိုင် တာ လက်မခံဘူး ဆိုသလိုဖြစ်တော့သကိုး….
မဆလာ
အိန္ဒိယက စာသင်သားတွေ ကိုယ်တိုင်ဈေးသွားပြီး ကိုယ်တိုင်ချက်စားကြရပါတယ်.. တစ်နေ့ ကုလားစကား မပြောတတ်သေးတဲ့ ကိုယ်တော်လေးဈေးသွားရတော့ မဆလာ က ရှာမရဖြစ်နေရော.. ရှာမရတဲ့အဆုံး မေးရတာပေါ့.. curry powder ပြောလည်းမရ mortar ပြောလည်းမသိဖြစ်နေတော့ သိတဲ့ကိုယ်တော်ဆီ ဖုန်း ဆက်ပြီး မဆလာကို ကုလားလို ဘယ်လိုခေါ်တုန်းမေးတော့ မဆလာ လို့ပဲ ခေါ်သတဲ့… ( မဆလာ ၊ အာလူး ဂေါ်ဖီ ၊ ပိုက်ဆံတို့သည် ကုလား ဗမာ အခေါ်တူပါသည်)
တိုက်ပြီ တိုက်ပြီ
မဂဓတက္ကသိုလ်ဝင်းက ရှင်းလည်းရှင်း ကျယ်လည်းကျယ်တော့ စက်ဘီးစီးသင်တာဝင်းထဲမှာအသင်များပါ တယ်.. နောက်ပြီး ကုလားမတွေ ရေချိုး ရေခပ်ကြတဲ့ ရေဘုံဘိုင် ငုတ်တွေကလည်း ပေါပါဘိနဲ့… တစ်နေ့တော့ စီးတတ်ကာစ ကိုယ်တော်လေးတစ်ပါးဟာ ဆိုင်ကယ်ကိုလန့်ပြီး ဘေးထိုးဆင်းသွားပါလေရော…ရေဘုံဘိုင်မှာလည်းကုလားမတစ်ယောက်က ကုန်းကုန်းကြီးနဲ့ခြေထောက်ကို ချေးတွန်းနေသတဲ့… ကိုယ်တော်ကလည်း တိုက်ပြီ တိုက်ပြီ နဲ့ ပါးစပ်ကအော်ပြီး ကုန်းနေတဲ့ကုလားမကို နောက်ကနေတည့်တည့်ဝင်စောင့်လိုက်တာ ရှေ့ဘီးတောင် ခွင်သွားတယ်ဆိုပဲ… လူရှင်းတဲ့အချိန်မို့ အကျယ်အကျယ်မဖြစ်လိုက်ပေမယ့် ကိုယ်တော့်အိတ်ထဲက ရူးပီးနည်းနည်းတော့ ထွက်သွားတယ် ကြားတာပဲ…..
No comments:
Post a Comment